မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် စီမံချက်များ၏ နှစ်လယ် သုံးသပ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်

မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  စီမံချက်များ အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အားနည်းချက်၊ အားသာချက်များနှင့် ရှေ့ဆက် ပိုမို အလေးပေးရမည့် လုပ်ငန်းများ ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ ၆ လပတ် နှစ်လယ်သုံးသပ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို အဖွဲ့ ရှေ့ဆောင်ခန်းမ၌ ၁၁.၇.၂၀၁၉ ရက်နေ့မှ ၁၂.၇.၂၀၁၉ ရက်နေ့ထိ နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် စီမံချက်ဌါနအသီးသီးမှ တာဝန်ခံဝန်ထမ်းများ၊ Supporting Unit များမှ ၀န်ထမ်းများနှင့် အဖွဲ့၏ စီမံအုပ်ချုပ်မှုအဖွဲ့ ၀န်ထမ်းများက ၆ လတာ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ကြုံတွေ့ရသော အခက်ခဲများ၊ အဖွဲ့မှ ဖြေရှင်းပေးစေလိုသော အရာများ၊ အကြံပြုချက်များနှင့် ကျန် ၆ လတာ အတွက် လုပ်ငန်းအစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြသည်။

မသန်စွမ်းအမျိုးသမီးများနှင့် ၎င်းတို့၏မိသားစုဝင်အမျိုးသမီးများအတွက် အခြေခံစီးပွားရေးလုပ်ငန်း အမြင်ဖွင့် သင်တန်း၊ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်း ထူထောင်ရန်အတွက် စိတ်ကူးအကြံဉာဏ် ဖော်ထုတ်ခြင်းသင်တန်းနှင့် စီးပွားရေးလုပ်ငန်း စတင် တည်ထောင်ခြင်း သင်တန်းများ ဖွင့်လှစ်ပို့ချ

Australian Volunteers for International Development (AVI) ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့သည် မသန်စွမ်းအမျိုးသမီးများနှင့် ၎င်းတို့၏မိသားစုဝင် အမျိုးသမီးများအတွက် အခြေခံစီးပွားရေးလုပ်ငန်း အမြင်ဖွင့်သင်တန်း၊ တစ်နိုင်တစ်ပိုင်စီးပွားရေး လုပ်ငန်း ထူထောင်ရန်အတွက် စိတ်ကူးအကြံဉာဏ် ဖော်ထုတ်ခြင်းသင်တန်းနှင့် စီးပွားရေးလုပ်ငန်း စတင် တည်ထောင်ခြင်း သင်တန်းများကို အဖွဲ့ ရှေ့ဆောင်ခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။ အဆိုပါသင်တန်းများကို Genius Training Center မှ Master Trainer က ပို့ချခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ် မေလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ တစ်ရက်တာ အခြေခံစီးပွားရေးအမြင်ဖွင့်သင်တန်းကို သုံးကြိမ်ပြုလုပ်ခဲ့ရာ အဆိုပါ သင်တန်းသို့ မသန်စွမ်းအမျိုးသမီးများနှင့် ၎င်းတို့၏မိသားစုဝင်အမျိုးသမီး သင်တန်းသူ ၅၃ ဦး ပါဝင်တက်ရောက်ခဲ့သည်။ ဇွန်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိနှင့် ဇွန်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်း ထူထောင်ရန်အတွက် စိတ်ကူးအကြံဉာဏ် ဖော်ထုတ်ခြင်းသင်တန်းကို နှစ်ကြိမ် ဖွင့်လှစ်ပို့ချခဲ့ရာ အဆိုပါသင်တန်းများသို့ မသန်စွမ်းအမျိုးသမီးများနှင့် ၎င်းတို့၏မိသားစုဝင် အမျိုးသမီး သင်တန်းသူ ၃၆ ဦး ပါဝင်တက်ရောက်ခဲ့သည်။ ဇွန်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ နှင့် ဇူလိုင်လ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ စီးပွားရေးလုပ်ငန်း စတင်ထူထောင်ခြင်းသင်တန်းကို နှစ်ကြိမ်ဖွင့်လှစ်ပို့ချခဲ့ရာ အဆိုပါသင်တန်းသို့ မသန်စွမ်းအမျိုးသမီးများနှင့် ၎င်းတို့၏မိသားစုဝင် အမျိုးသမီး သင်တန်းသူ ၃၁ ဦး တက်ရောက်ခဲ့သည်။